ရှေးဂရိနိုင်ငံမှာ လူတွေအခြေချ နေထိုင်လာကြပြီး ကျေးရွာတွေ တည်ထောင်ခဲ့ကြတယ်။ အဲဒီကနေသီးဘီး(စ်)၊ စပါတာ၊ အေသင်တို့လို မြို့ပြတွေပေါ်လာပြီး ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းတခုလည်း ထွန်းကား ခဲ့တယ်။ ဂရိနိုင်ငံဟာ တောတောင်ထူထပ်တဲ့ နိုင်ငံဖြစ်တဲ့အတွက် သွားရေးလာရေးခက်ခဲပါတယ်။ မြို့ပြတွေ၊ ကျေးရွာတွေကလည်း တသီးတခြားစီဖြစ်ပြီး ကိုယ်ပိုင်အစိုးရ၊ ကိုယ်ပိုင်လူနေမှုစနစ် နဲ့ ဖြစ်လာကြတယ်။ မြို့ပြတွေရဲ့တူညီတဲ့အချက်ကတော့ ပြည်သူတွေကို နိုင်ငံသားနဲ့ နိုင်ငံသားမဟုတ်တဲ့ လူဆိုပြီး ခွဲခြားထားတာတွေရယ်၊ ဂရိစကားပြောကြတာတွေရယ်ပါ။
အေသင်နဲ့ စပါတာဆိုတာ ဂရိသမိုင်းရဲ့ ကြီးကျယ်ခမ်းနားတဲ့ မြို့ပြတွေထဲမှာ ပါပါတယ်။ အဲဒီမြို့ပြ
နှစ်ခုလုံးဟာ ရှေးဂရိပြည်မှာ အင်အားအကြီးဆုံးလို့ သတ်မှတ်ခံထားခဲ့ရပြီး ဘီစီ ၄၈၀ ၀န်းကျင်
ပါးရှားဧကရာဇ် ဇားဇာက် (စ်) ရဲ့ ဂရိမြို့ပြတွေအပေါ်ကျူးကျော်မှုတွေကို ခုခံရာမှာ အရေးကြီးတဲ့
အခန်းကဏ္ဍကနေ ပါဝင်ခဲ့ကြပါတယ်။ အဲဒီနှစ်မြို့ဟာ ပါးရှားစစ်ပွဲတွေမှာ ပူးပေါင်းခဲ့ကြ ပေ
မယ့် နောက်ပိုင်းမှာ ခါးသီးတဲ့ ရန်သူတွေဖြစ်သွားကြပါတယ်။ တကယ်တမ်းမှာတော့ သူတို့ဟာ
အခြေခံအားဖြင့်ကို ပညာရေးနဲ့အုပ်ချုပ်ရေးစနစ်တွေ မှာ အရမ်းကွာခြားနေကြတာပါ။

စပါတာလူ့အဖွဲ့အစည်းက အင်အားကိုအလေးပေးတယ်။ သူ့တို့ဟာ ကျန်းမာကြံ့ခိုင်ရေးနဲ့ စစ်တပ်
အင်အားတောင့်တင်းရေးကို တန်ဖိုးထားကြတယ်။ စပါတာရဲ့ ပညာရေးစနစ်မှာ ပြည်သူ
ပြည်သားတွေကို ကျန်းမာ တောင်းတင့်အောင်၊ တိုက်ခိုက်နိုင်ရည် မြင့်မားအောင်သင်ကြား
ပေးတယ်။ အေသင် လူ့အဖွဲ့အစည်းကတော့ အတွေးအခေါ်နဲ့ ဥာဏ်ရည်ကို တန်ဖိုးထားကြတယ်။
သူ့တို့အတွက် ကျန်းမာကြံ့ခိုင်ဖို့နဲ့ စစ်တပ်အင်အား တောင့်တင်းဖို့ဆိုတာ အရေးကြီးပေမယ့်
လွတ်လပ်စွာတွေးခေါ်နိုင်ဖို့နဲ့ ဥာဏ်ရည်မြင့်မားဖို့ကို ပိုဂရုစိုက်ကြတယ်။
သမိုင်းကြောင်းအရဆိုရင် စပါတာ လူ့အဖွဲ့အစည်းဟာ ဘီစီ ၁၀ ရာစုလောက်မှာ ဒိုရီးယန်းဂရိ
လူမျိုးတစုက ဂရိရဲ့တောင်ပိုင်းလက်ကွန်း နီးယားပြည်နယ်၊ စပါတာမှာအခြေပြုလို့ အိမ်နီးချင်း
မြို့ပြနိုင်ငံတွေကို သိမ်းပိုက် တိုက်ခိုက်ရင်း တဖြည်းဖြည်း အင်အား ကြီးမားလာခဲ့တာပါ။ သူတို့ဟာ
အဲဒီမှာရှိတဲ့ဒေသခံ ပြည်သူတွေကို အနိုင်ယူတိုက်ခိုက်ပြီးတော့ တိုင်းပြည်ကို တိုးချဲ့ကြတယ်။
စပါတာနယ်နမိတ်ဟာ တဖြည်းဖြည်းနဲ့ ကြီးမားလာခဲ့တယ်။ ဒါတင်မကသေးပါဘူး။
စပါတာမှာ မြေဩဇာကောင်းတဲ့နေရာတွေ အများကြီးရှိပါတယ်။ လယ်ယာစိုက်ပျိုးရေး၊ တခြား
မြို့ပြတွေနဲ့ ကုန်သွယ်ရေးတွေကတဆင့် စပါတာဟာ ချမ်းသာကြွယ်ဝခဲ့တယ်။

စပါတာဒဏ္ဍာရီအရ သူတို့ရဲ့လူမှုရေးစနစ်ကို ကျွန်ပုန်ကန်မှုတခုအမြီးမှာ လိုင်းကားဂတ် (စ်) ဆိုတဲ့
လူတယောက်က တီထွင်ခဲ့တာပါ။ သမိုင်းပညာရှင်တွေကတော့ အဲဒီလူဟာ တကယ်
ရှိခဲ့လားဆိုတာ အခုထိ မသေချာသေးပါဘူး။ စပါတာမှာ ပုန်ကန်မှုတွေ ထပ်ဖြစ်မလာဖို့အတွက်
လိုင်ကားဂက် (စ်) က စပါတာ လူ့အဖွဲ့အစည်းမှာ စစ်တပ်အင်အားကသာ သူတို့ကို လုံခြုံမှု
ပေးနိုင်မယ်လို့ ယုံကြည်ခဲ့ကြတယ်။
စပါတာရဲ့ နေ့စဉ်ဘ၀မှာလည်း ဒီအတွေးအခေါ်က လွှမ်းမိုးလာခဲ့ပါတယ်။ စပါတာမှာ
ကလေးတယောက် မွေးလာတာနဲ့ အရာရှိတွေက စစ်ဆေးကြတယ်။ ကလေးမှာ ချို့တဲ့မှု
တခုခုရှိနေရင် မြို့ပြင်ကိုနှင်ထုတ်ပြီး အစာငတ်လို့သေစေတယ်။ ကလေးတွေဟာ ငယ်ငယ်လေး
ထဲကနေ ကြီးလာတဲ့အထိ စစ်သားတယောက် လက်ရုံးရည်အတွက် သင်ကြားရတယ်။
စပါတာ ယောက်ျားလေးတွေဟာ အသက်နှစ်ဆယ်မပြည့်ခင် အခြေခံပညာရေးကို သင်ရပြီး
လက်ရုံးရည်အတွက် လေ့ကျင့်ရတယ်။ သူတို့ကိုဆောင်းတွင်မှာ အ၀တ်မပါ၊ ဖိနပ်မပါပဲနေခိုင်းပြီး
အစားအစာ လုံလုံလောက်လောက်မပေးပဲ ထားတယ်။ ဆာလွန်းမက ဆာလွန်းတဲ့
ကလေးတွေဟာ အနီးအနား ကျေးရွာတွေကနေ ခိုးယူစားသောက်ကြတယ်။ ခိုးတာမိသွားရင်
ကြိမ်ဒါဏ် အပေးခံရတယ်။
စပါတာက သူ့စစ်သားတွေကို ကိုယ့်လုံခြုံမှုရဖို့ထက် သတ္တိနဲ့ခွန်အားက ပိုအရေးကြီးတယ်ဆိုတာ
သင်ကြားပေးတယ်။ အသက်နှစ်ဆယ်နဲ့ သုံးဆယ်အတွင်း စစ်သားတွေဟာ စစ်တန်းလျားတွေမှာ
နေရပြီး မိသားစုကို တခါတရံမှသာ တွေ့ရတယ်။ စပါတာယောင်္ကျားသားတွေဟာ
အသက်ခြောက်ဆယ် မပြည့်မခြင်း စစ်တပ်မှာနေရတယ်။ စပါတာက စစ်သားတွေရဲ့
အရည်အချင်းတွေက စည်းကမ်းနဲ့ အမိန့်နာခံခြင်းလို့ ယူဆကြတယ်။ စစ်သားတွေကို အသိစိတ်နဲ့
ကိုယ့်ကိုကိုယ် ထိန်းချုပ်နိုင်ဖို့အတွက် ဇိမ်ခံပစ္စည်းတွေနဲ့ မပတ်သက်အောင် ကြမ်းတမ်းတဲ့
ဘ၀တွေမှာ ထားကြတယ်။ လူတယောက်ဟာ ဇိမ်ခံတာများလွန်းရင် ပျော့ညံ့သွားတတ်တယ်လို့
သူတို့ကယူဆကြတယ်။ ဒီလို လေ့ကျင့်ပေးမှုတွေကြောင့် စပါတာ စစ်တပ်ကို
ရန်သူတွေကတောင် လေးစားခဲ့ကြပါတယ်။
ယောင်္ကျားသားတွေက ခဏခဏ စစ်တိုက်ထွက်နေရတဲ့အတွက် စပါတာ အမျိုးသမီးတွေဟာ
တခြား ဂရိမြို့ပြတွေက အမျိုးသမီးတွေထက် အခွင့်အရေးပိုရကြတယ်။ သူတို့ယောင်္ကျားတွေ
မရှိတဲ့အခါ အိမ်ထောင်တခုလုံးကို တာဝန်ယူကြရတယ်။ တခြားဂရိမြို့ပြတွေနဲ့ မတူတာက
စပါတာ အမျိုးသမီးတွေဟာ အပ်ချုပ်၊ ဇာထိုး ပန်းထိုးအလုပ်တွေ မလုပ်ကြဘူး။ သူတို့က ဒီ
အလုပ်တွေကို ကျွန်တွေရဲ့အလုပ် စပါတာတွေ အမျိုးသမီးတယောက်အဖို့ မသင့်တော်တဲ့
အလုပ်လို့ ယူဆကြတယ်။
အမျိုးသမီးတွေဟာ အမျိုးသားတွေလိုပဲ ကျန်းမာကြံ့ခိုင်ရေးအတွက် လေ့ကျင့်ရတယ်။
အမျိုးသားတွေနည်းတူ ခုန်ရတယ်၊ ပြေးရတယ်၊ လှံတံပစ်ရတယ်၊ အမျိုးသမီးတွေပါ ကျန်းမာမှ
စပါတာအတွက် ကျန်းမာတဲ့ ကလေးတွေ မွေးနိုင်မယ်လို့ ယူဆကြတယ်။
စပါတာကို ဘုရင်နှစ်ပါးက တရားဝင်အုပ်ချုပ်ရတယ်။ ဘုရင်နှစ်ပါးက စစ်တပ်ကို ပူပေါင်းအုပ်ချုပ်
ရတယ်။ ဒါပေမဲ့ တကယ်တမ်း အာဏါရှိတာက ရွေးချယ်တင်မြှောက်ခံထားရတဲ့ အရာရှိတွေပါ။
အရာရှိတွေက စပါတာရဲ့ နေ့စဉ်အလုပ်တွေကို စီမံခန့်ခွဲကြတယ်။ သူတို့က တခြားနိုင်ငံတွေနဲ့
သံတမန်ဆက်သွယ်ရေးမှာလည်း တာဝန်ယူထားရတာပါ။ စပါအစိုးရအနေနဲ့ အဓိက တင်းတင်း
ကျပ်ကျပ် အုပ်ချုပ်ရတာ ဟဲလော့လို့ခေါ်တဲ့ ကျွန်တွေပါ။ ဟဲလော့တွေက လယ်ယာစိုက်ပျိုးရေးနဲ့
တခြားအလုပ်တွေကို တာဝန်ယူကြရတယ်။ ဘ၀တွေဟာ သနားဖို့ ကောင်းပါတယ်။
သူ့တို့ဟာ ဘယ်တော့မှ လွတ်မြောက်ခွင့် မရကြပါဘူး။
တကယ်တမ်း ဟဲလော့တွေက စပါတာပြည်သူတွေထက် လူအင်အားပိုများပေမယ့် စပါတာ
စစ်တပ်က ပုန်ကန်မှုလုံးလုံးမရှိအောင် အုပ်ချုပ်ထားကြတယ်။ ဒါကစပါတာရဲ့ လူနေမှုဘ၀နဲ့
အုပ်ချုပ်ရေးစနစ်ပါ။ အေသင်မှာတော့ စပါတာနဲ့ တခြားစီပါပဲ။ အေသင်ကလည်း စပါတာလို
စစ်တပ် အင်အားကြီးမားပါတယ်။ ဒါပေမယ့် အေသင်က ပညာရေးကို တန်ဖိုးထားပြီး
ပညာတတ်မှ အေသင်နိုင်ငံသားကောင်းတွေ ဖြစ်လာလိမ့်မယ်လို့ ယုံကြည်ကြပါတယ်။
အေသင် ပညာရေးရဲ့ရည်ရွယ်ချက်က နိုင်ငံသားတွေကို ပညာတတ်ပြီး အေသင်အုပ်ချုပ်ရေးမှာ
ပူးပေါင်းပါဝင်နိုင်အောင်လို့ပါ။ ဒါပေမယ့် အေသင်မှာ အမျိုးသမီးတွေ ပညာမသင်ရပါဘူး။
သူတို့ဟာ အပ်ချုပ်၊ ဇာထိုး ပန်းထိုးအလုပ်တွေ လုပ်ရတယ်။ စာရေး စာဖတ်ဆိုတာ သူတို့မိဘတွေ
သင်ပေးမှ ဒါမှမဟုတ် ကိုယ်ပိုင်နည်းပြတွေနဲ့သင်မှ စာတတ်ကြတာပါ။ ပြီးတော့ အေသင်
ပညာရေးဟာ အခမဲ့ မဟုတ်ပါဘူး။ ဒါကြောင့် ကလေးတော်တော်များများဟာ အခြေခံပညာရေးပဲ
သင်ရပြီး ချမ်းသာတဲ့ ကလေးတွေကသာ ကျောင်းပညာရေး ပြီးတဲ့အထိ ဆက်တက်နိုင်တာပါ။

အေသင် အမျိုးသမီးတွေဟာ တခြားမြို့ပြနိုင်ငံတွေက အမျိုးသမီးတွေနဲ့ ယှဉ်လိုက်ရင်
တန်းတူ အခွင့်အရေးပေးခံရတာ နည်းပါတယ်။ စပါတာနဲ့ ယှဉ်လိုက်ရင်လည်း အေသင်
အမျိုးသမီးတွေဟာ သိပ်အခွင့်အရေးမရကြပါဘူး။ အေသင်က အမျိုးသမီးတွေဟာ
စည်းဝေးပွဲတွေ၊ ဂျူရီအဖွဲ့တွေထဲမှာ ပါဝင်ခွင့်မရှိပါဘူး။ ကိုယ်ပိုင် ပစ္စည်းရှိခွင့်ကိုလည်း
တားမြစ်ထားတယ်။ အေသင်ရဲ့ ချမ်းသာကြွယ်ဝတဲ့မိသားစုက ကလေးတွေဟာ စိတ်ဓာတ်
ခွန်အားကော၊ ခန္ဒာကိုယ်ခွန်အားပါ တိုးတက်ဖို့ သင်ကြားရတယ်။ စပါတာက ကလေးတွေလိုပဲ
သူတို့ဟာ တိုက်ခိုက်နည်းတွေ သင်ရပါတယ်။ ဒါပေမဲ့ အဲဒီသင်တန်းတွေဟာ စပါတာ
သင်တန်းတွေလောက် မကြမ်းတမ်း မရက်စက်ပါဘူး။ အေသင်စစ်တပ်မှာ
စပါတာနဲ့မတူတာက ယောင်္ကျားတယောက်ဟာ သူ့ဘ၀တခုလုံးကို စစ်တပ်မှာ မြှုပ်နှံထားစရာ
မလိုပါဘူး။
အေသင် အမျိုးသားတိုင်း စစ်တပ်ထဲဝင်ရပေမယ့် နှစ်နှစ်လောက်ပဲ ၀င်ရတာပါ။
အသက် ၁၈ နှစ်ကနေ ၂၀ အတွင်း လူငယ်တွေက တိုင်းပြည်ကို ကာကွယ်ကြရတယ်။
ဒီထက်အသက်ကြီးတဲ့လူတွေက စစ်ဖြစ်မှ စစ်မှုထမ်းရပါတယ်။ အေသင်ပညာရေးမှာ
စာဖတ်စာရေးသင်ရတယ်။ သင်္ချာသင်ရတယ်။ သီချင်းဆိုတတ်အောင်၊ တူရိယာတွေ
တီးမှုတ်တတ်အောင် သင်ရတယ်။ ဂရိသမိုင်းနဲ့ ဒဏ္ဍာရီပုံပြင်တွေ သင်ရတယ်။ ဂရိစာပေကို
လေ့လာရတယ်။ အိုဒက်ဆီလို ကဗျာရှည်တွေ ကျက်ရတယ်။ အေသင်မှာ ပညာရေးဟာ
ဆုံးခန်းတိုင်တယ် မရှိပါဘူး။ ဆိုဖစ်လို့ခေါ်တဲ့ ဆရာတွေဟာ နေရာအနှံ လှည့်လည်ပြီးပညာ
သင်ကြားပေးကြတယ်။
အတွေ့အကြုံရှိတဲ့ နိုင်ငံရေးသမားတယောက်တောင် ဆိုဖစ်ကောင်းကောင်းတယောက်
မြို့ထဲရောက်နေရင် အလုပ်နားပြီး ဆိုဖစ်ဆီမှာ ပညာသင်တယ်။ ချမ်းသာတဲ့
ကလေးတွေဟာ ကျောင်းပညာရေးပြီးတာနဲ့ ဆိုဖစ်တွေနဲ့ ပညာသင်ကြတယ်။ အဲဒီနည်းပြတွေက
ကလေးတွေကို ဂျီဩမေတြ၊ အတွေးအခေါ်နဲ့ နက္ခတ္တဗေဒပညာတွေ သင်ပေးတယ်။
စကားပြောဆိုနည်းတွေ၊ လူထုကြားထဲ ပြောနည်းတွေ၊ တခြား တတ်သင့်တဲ့ ပညာတွေပါ
သင်ပေးတယ်။ ဒီသင်တန်းတွေဟာ သူတို့ကို အေသင်အစည်းအဝေးပွဲတွေမှာ
ပါဝင်နိုင်အောင် လေ့ကျင့်ပေးတာပါ။
တခြား ကလေးတွေကတော့ အခြေခံပညာရေးပြီးတာနဲ့ လယ်ယာလုပ်ငန်းတွေမှာ
ဝင်လုပ်ကြပါတယ်။ တချို့ကျတော့လည်း လက်မှုပညာသည်တွေဆီမှာ အလုပ်လုပ်ပြီး တခြား
စီးပွါးရေးဘက်ကို ကူးကြပါတယ်။ အေသင်ဟာ ဒီမိုကရေစီ မွေးဖွါးလာတဲ့ နေရာပါ။ အေသင်ရဲ့
အစမှာ ဘုရင်တွေက အုပ်ချုပ်ကြပါတယ်။ နောက်တော့ ချမ်းသာတဲ့ မြေပိုင်ရှင်အထက်တန်း
အလွှာတစုက အုပ်ချုပ်ကြတယ်။ ဒီမြေပိုင်ရှင်တွေဟာ အေသင်တခုလုံးကိုအုပ်ချုပ်တယ်။
စီးပွါးရေးနဲ့စစ်ရေး၊ တရားခွင်တွေကို တာဝန်ယူတယ်။ သာမန်လူတွေဟာ သူတို့
အုပ်ချုပ်မှုအောက်မှာ ပြောရေးဆိုခွင့်မရှိပါဘူး။
အထက်တန်းလွှာတွေ အုပ်ချုပ်တာ မကျေနပ်တဲ့အတွက် အေသင်ပြည်သူပြည်သားတွေဟာ
အာဏာပိုင်တယောက်ထဲက အုပ်ချုပ်တဲ့စနစ်ကို ကျင့်သုံးခဲ့ကြပါသေး တယ်။ ဒါကို
မကျေနပ်တဲ့ အထက်တန်းလွှာတွေက အေသင်ကို တိုက်ခိုက်ပြီး အာဏာလုယူကြပါတယ်။
နောက်တော့ ဒီအထက်တန်းလွှာတွေကပဲ ဆင်းသက်လာတဲ့ ကလစ်သီးနီး(စ်) လို့ခေါ်တဲ့
လူတယောက်ဟာ ပြည်သူတွေရဲ့အကူအညီနဲ့ အဲဒီ အထက်တန်းလွှာတွေ ကိုတိုက်ထုတ်ပြီး
ဒီမိုကရေစီလို့ခေါ်တဲ့ အုပ်ချုပ်ရေးပုံစံတခုကို ကျင့်သုံးစေခဲ့တယ်။ နောက်ပိုင်းမှာ
တခြားမြို့ပြတော်တော်များများကပါ အေသင်နည်းအတိုင်း သူတို့ရဲ့အာဏာပိုင်တွေကို ဖြုတ်ချပြီး
ဒီမိုကရေစီနည်း ကျင့်သုံးနိုင်ခဲ့ကြပါတယ်။
အေသင်ဒီမိုကရေစီမှာ စည်းဝေးပွဲတခုကို ဆယ်ရက်တခါ လုပ်တယ်။ အဲဒီမှာ ကောင်စီက
ထုတ်ထားတဲ့ အကြံတွေ၊ အမိန့်တွေကို ပြည်သူတွေက ဆွေးနွေးသုံးသပ်ကြတယ်။
ဒါပေမယ့် ခေတ်သစ်ဒီမိုကရေစီနဲ့ မတူတာက အေသင်မှာ အမျိုးသမီးတွေ၊ နိုင်ငံသားမဟုတ်တဲ့
လူတွေက မဲပေးခွင့်မရပါဘူး။ အစည်းအဝေးမှာ အနည်းဆုံး လူခြောက်ရာလောက်လိုတယ်။
လူနည်းနေရင် အေသင်ရဲတွေက ဈေးထဲမှာသွားခေါ်ရတယ်။
ရှေ့နိုင်ငံတော်တော်များများမှာ စစ်သူရဲကောင်းတွေ၊ စစ်ဘုရင်တွေက ချီးကျူးလေးစား

ခံရတယ်။ ဒါပေမယ့် အေသင်မှာတော့ အတွေးအခေါ်ပညာရှင်တွေ၊
အနုပညာရှင်တွေက လေးစားခံရပါတယ်။ ဂရိတွေးခေါ်ပညာရှင်ပလေတိုက ယောင်္ကျားဟာ
ရုပ်ခန္ဓာကိုကော၊ စိတ်နှလုံးကိုပါလေ့ကျင့်ထားရမယ်လို့ ပြောခဲ့တယ်။ ပလေတိုရဲ့
အတွေးအခေါ်ဟာလိုင်ကားဂတ်(စ်) ရဲ့ အတွေးအခေါ်နဲ့ ပြောင်းပြန်ပါ။ လိုင်ကားဂတ် (စ်) က
ပညာရေးဆိုတာ တိုက်ခိုက်ရေးကို သင်ကြားတာလို့ ယူဆခဲ့တယ် မဟုတ်လား။
အေသင်ရဲ့ ပညာရေးအုပ်ချုပ်ရေးတွေဟာ စပါတာနဲ့ ပြောင်းပြန်ဖြစ်လာခဲ့တယ်။

လိုင်ကားဂတ် (စ်) ရဲ့ လွှမ်းမိုးမှုတွေနဲ့ စပါတာဟာ ဂရိ မှာစစ်တပ်အင်အားအကြီးဆုံး
မြို့ပြဖြစ်လာခဲ့တယ်။ စပါတာမှာ သူရဲကောင်းတွေ တယောက်ပြီး တယောက် မွေးထုတ်နေတဲ့
အချိန်မှာ အေသင်မှာတော့ အတွေးအခေါ် ပညာရှင်တွေ၊ အနုပညာရှင်တွေ၊
သိပ္ပံပညာရှင်တွေတယောက်ပြီးတယောက်ပေါ်ထွက်လာကြတယ်။
ပန်းပဲ၊ ဗိသုကာ၊ မြေအိုးလည်းတိုးတက်လာကြတယ်။ ပလေတို၊ ဆိုကရေးတီးတို့လို
သိပ္ပံပညာရှိတွေက ရှေးဂရိနိုင်ငံက နတ်ကိုးကွယ် တဲ့ အယူအဆတွေကို စွန့်ပစ်ပြီး အမှန်တရားကို
ရှာဖွေကြတယ်။ ဒီနေ့ခေတ်သင်္ချာ၊ သိပ္ပံဆိုင်ရာသဘော တရားတော်တော်များများ
ဟာလည်း အေသင်ပညာရှင်တွေရဲ့ ရှာဖွေတွေ့ရှိမှုတွေပါ။
ဂရိနိုင်ငံရဲ့ ယဉ်ကျေးမှုဗိသုကာ လက်ရာတွေကို အခုထိ အတုယူရတုန်း လေးစား
ရတုန်းပါ။ အေသင်က မွေးဖွားလိုက်တဲ့ ဒီမိုကရေစီဟာလည်း အခုလက်ရှိ
လက်ခံနေကြတဲ့ နိုင်ငံရေးစနစ်တခုပါပဲ။ ဂရိဆိုဖစ်တွေကိုလည်း ခုထိလေးစားရတုန်းပါ။
စပါတာမှာ အနုပညာနဲ့ အတွေးအခေါ်ကို အားမပေးဘဲ စစ်အင်အားကို အားပေးခဲ့တယ်။
ဘီစီ ၄၃၅ မှာ စပါတာနဲ့ သူ့မဟာမိတ်တွေကို တိုက်ခိုက်ခဲ့တဲ့ ပီလိုနီးယန်းလို့ခေါ်တဲ့ စစ်ပွဲတွေ
စပါတော့တယ်။ နောက်ပိုင်းမှာ ပါရှားတွေက စပါတာကို ကျူးကျော်လာခဲ့ပြီး
တခြားမြို့ပြတွေနဲ့လည်း စစ်ပွဲတွေ ဖြစ်ခဲ့ရတယ်။ တဖြည်းဖြည်းနဲ့ မြို့ပြတွေရဲ့
ကြီးကျယ်တဲ့ ခေတ်တခေတ်ကျဆုံးခဲ့ပြီး အရှေ့တောင်အရပ်က မက်ဆီဒိုးနီးယားတွေ
ဂရိတနိုင်ငံလုံးကို ၀င်ရောက်သိမ်းပိုက်ခဲ့ ပါတော့တယ်။
အင်အားကို သုံးပြီးတည်ဆောက်ခဲ့တဲ့ စပါတာရဲ့ အောင်နိုင်မှုတွေဟာ သူ့ထက်အင်အားကြီးတဲ့

နိုင်ငံတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ပျက်စီးရှုံး နိမ့်သွားရတာ ဓမ္မတာပါပဲ။ စပါတာ သူ့ထက်
အင်အားကြီးမားတဲ့ မက်ဆီဒိုးနီးယန်းတွေရဲ့ ကျူးကျော်မှုအောက်မှာကျဆုံးပျောက်ကွယ်ခဲ့
ရပါတော့တယ်။
လိုင်ကားဂတ် (စ်) ရဲ့ အတွေးအခေါ်ပြောင်းလဲမှုတွေနဲ့ မွေးထုတ်ထားတဲ့ စပါတာ

သူရဲကောင်းတွေဟာ ဂရိသမိုင်းမှာ ပြောစမှတ်တွင်ခဲ့ပါတယ်။ ဒါပေမယ့် ကာလစ်သီးနီး (စ်) တို့
ပလေတိုတို့ရဲ့ အယူအဆ လွှမ်းမိုးခံထားရတဲ့ စစ်ရှုံးတိုင်းပြည် အေသင်ကတော့ သူယုံကြည်ခဲ့တဲ့
အသိဥာဏ် ပညာတွေးခေါ်မှုတွေ၊ အုပ်ချုပ်ရေးတွေကို ကမ္ဘာလောကမှာ အခုထိ ရှင်သန်
နေနိုင်ခဲ့တာကို တွေ့ရမှာပါ။
ဒေါင်းတေဇ

ပိတောက်ပွင့်သစ်
စာပေအနုပညာ မဂ္ဂဇင်း
အမှတ် (၃) ဇူလိုင် ၂၀၁၀
စာပေအနုပညာ မဂ္ဂဇင်း
အမှတ် (၃) ဇူလိုင် ၂၀၁၀
No comments:
Post a Comment